ပါရမီဖြည့်ဖက်
March 10th, 2010
တစ်ခါတုန်းက စာရေး လောင်းလျာ တစ်ယောက်မှာ ထူးခြားသော ဇနီးသည်တစ်ယောက် ရှိခဲ့ဖူးသည်။
သူမနာမည်က ဆိုဖီယာ ဖြစ်သည်။
သူမ၏ ခင်ပွန်း နသန်နီယယ်သည် အကောက်ခွန်ရုံး အမှုထမ်းတစ်ဦးဖြစ်၍ ၊ တစ်နေ့တွင် အိမ်သို့ အကြီးအကျယ် မှိုင်တွေလျက် ပြန်ရောက်လာသည်။ သူအလုပ်ပြုတ်လာခဲ့ပြီးဖြစ်ကြောင်း စိတ်ပျက်လက်ပျက် ပြောသည့်အခါ ဇနီးသည်က ၀မ်းသာအားရ ထအော်သည်။ မိန်းမ ဘယ်လိုဖြစ်သွားပါလိမ့်ဟု သူငေးမောနေစဉ် ဇနီးသည်က ၊
“ဟန်ကျပြီ ၊ ရှင်ရေးချင်နေတဲ့ ၀တ္ထု အခုမှ ရေးရတော့မယ် “ ဟု ဆိုသည်။
“အေးကွာ ၊ အားသွားတာတော့ မှန်တယ် ၊ ဒါပေမယ့် စာထိုင်ရေးနေတော့ ဘာနဲ့ သွားစားမလဲ“ ယောက်ျားက စိတ်ဓာတ်ကျလျက်ပင် ပြန်ပြောသည်။
ဇနီးသည်က စားပွဲအံဆွဲတစ်ခုကို ဆွဲဖွင့်ပြီး အထဲမှ ငွေစက္ကူတစ်ထပ်ကို ယူ၍ ထောင်ပြလိုက်သည့်အခါ နသန်နီယယ် အံ့အားသင့်သွားသည်။
“မင်း ဘယ်က ရသလဲ“ သူ တအံ့တသြမေးသည်။
“ကျွန်မက ရှင့်မှာ ပါရမီရှိတယ်ဆိုတာ ယုံကြည့်ထားပြီးသား။ တစ်နေ့ကျရင် ဂန္တ၀င်တွင်မယ့် ၀တ္တုကြီး တစ်ပုဒ် ရှင်းရေးဖြစ်မယ်ဆိုတာ ကျွန်မ သိနေတယ်၊အဲဒါ ကြောင့်မို့လို့ ရှင် အပတ်စဉ်ပေးတဲ့ငွေထဲက နည်းနည်းစီ ကျွန်မ ဖဲ့ဖဲ့ပြီး စုထားတာ၊ ဒီပိုက်ဆံနဲ့ ကျွန်မတို့ တစ်နှစ်လုံး စားလို့ လောက်တယ်၊ ရှင်ရေးပေတော့ “ ဟု ဆိုဖီယာက ယုံကြည်မှုအပြည့်နှင့် ပြောလိုက်သည်။
မိမိအပေါ် အားထားယုံကြည်လှသည့် ဇနီးသည်ထံမှ ထက်သန်တက်ကြွစိတ်တွေ ကူးစက်ကာ နယန်နီယယ်သည် အမေရိကန်စာပေသမိုင်းတွင် အထင်ရှားဆုံး လက်ရာတစ်ခုဖြစ်လာမည့် `ကြက်သွေးရောင်စာလုံး` ( The Scarlet Letter) ၀တ္တုကြီးကို ရေးသားဖြစ်ခဲ့ပြီး နသန်နီယယ် ဟောသွန်း ( Nathaniel Hawthorne) ဟူသော သူ၏ အမည်ကိုလည်း ကမ္ဘာက သိစေခဲ့သည်။
Nido Qubein ၏ Encouragenent
*********************
ကဲ …. သူငယ်ချင်းတို့ရေ..အခုလို ကိုယ့်ရဲ့ ခင်ပွန်းအပေါ်မှာ အရမ်းသိတက်တဲ့ ၊ ကိုယ့်  ခင်ပွန်းရဲ့ စိတ်ဓာတ်ကို ကြိုတင် ခန့်မှန်းသိရှိနိုင်တဲ့ ပါရမီ ဖြည့်ဖက် ဇနီးလေး များမလိုချင်ကြဘူးလားလို့ မေးကြည့်ချင်ပါတယ်။ ကိုယ့်ရဲ့ ခင်ပွန်း အလုပ်ပြုတ်လို့ စိတ်ဓာတ်ကျနေတဲ့ အချိန်မှာ ဇနီးသည် ရဲ့ အားပေးစကား တွေနဲ့ ကိုယ့်ခင်ပွန်းအပေါ် ယုံကြည်ကိုးစားမှုတွေ ကြောင့် ဘ၀မှာ အပြောင်းလဲ ကြီး ပြောင်းလဲ ခဲ့ရတဲ့ ယောက်ျား တစ်ယောက် အကြောင်းကို ဖတ်မိပြီး တော့ စိတ်ဓာတ်ခွန်းအား များ တိုးပွား ၍ ကိုယ်မျှော်မှန်းထားသော ပန်းတိုင်ကို လျှောက်လှမ်း နိုင်ကြစေရန်၊ မိန်းကလေး များအနေနဲ့လည်း ကိုယ့်ချစ်သူ ခင်ပွန်းအပေါ်မှာ ဇနီးသည် ဆိုဖီယာ လို ပါရမီဖြည့်ဖက် မျိုး ဖြစ်အောင် ကြိုးစားနိုင်ကြပါ စေလို့ ဆန္ဒပြုရင်း………. ဖေမြင့် ၏ နှလုံးသား အာဟာရ (၂) စာအုပ်မှ အားဆေးလေးများကို ပြန်လည် ဝေမျှလိုက်ရပါကြောင်း …………. ။
ဇော်သိင်္ခ












